တည်ထောင်သူ ဆရာကြီးဦးဌေးအောင်

ဆရာကြီးဦးဌေးအောင်ဆရာကြီးဦးဌေးအောင်ကို မြန်မာသက္ကရာဇ်၁၂၈၇ခုနှစ် နတ်တော်လဆန်း၁၄ရက၊် ခရစ်နှစ် ၁၉၂၅ခုနှစ် ၊နိုဝင်ဘာလ၂၈ရက် စနေနေ့ ည၁၀နာရီခွဲအချိန်တွင် အဖဦးသိန်းအောင်၊အမိဒေါ်လှမြင့်တို့က စစ်ကိုင်းတိုင်း၊ရွှေဘိုခရိုင်၊ကောလင်းမြို့၌မွေးဖွားခဲ့ပါသည်။မောင်နှမ(၃)ဦးရှိပြီး အကြီးဆုံးသားဖြစ်သည်။

ဦးဌေးအောင်၏ အဘိုး၊အဘွားများဖြစ်ကြသော ဦးစနှင့်ဒေါ်ကျေးဥတို့သည် မူလကအောက်မြန်မာနိုင်ငံ သန်လျင်ခရိုင်၊ သပြေကန်ရွာဇာတိနှင့်ဝေါမြို့နယ်။မြစ်ကျိုးအပိုင် လေးအိမ်စုရွာဇာတိများဖြစ်ကြသော်လည်း တစ်နေ့တွင်ကျန်းမာရေးချို့ယွင်းလာသော ဦးစ၏မိခင်ကြီး ဒေါ်မင်းအောင်(ဦးဌေးအောင်၏အဘွား)က မိမိမကွယ်လွန်မီ သပြေကန်ရွာတွင် တည်ထားကိုးကွယ်ရန်အတွက် ဘုရားဆင်းတုတော်တစ်ဆူပူဇော်ရန် အကြောင်းကိစ္စဖြင့်မန္တလေးသို့မိသားစုနှင့်အတူ ရောက်ရှိချိန်တွင် ထိုဆင်းတုတော်အြ့ပီးကို စောင့်ဆိုင်းနေခိုက် မန္တလေးမြို့တွင် ထိုစဉ်က ရွှေကျင်သာသနာပိုင် ဆရာတော်ကြီးဖြစ်တော်မူသော မဟာဝိသုဒ္ခ္မာရုံ ဆရာတော်ကြီး ဟောကြားသည့်တရားကိုနားကြားရသဖြင့် သတိသံဝေဂများစွာဖြစ်ပြီး တောထွက်လိုစိတ်များအထိကြံစည်စိတ်ကူးမိကြပါသည်။ဦးစနှင့်ဒေါ်ကျေးဥတို့သည် သား၆ယောက်နှင့်သမီး၂ယောက်တို့၏ မိဘများဖြစ်ကြပါသည်။

မိမိ၏မိခင်ကြီးတည်ထားကိုးကွယ်လိုသော မြတ်စွာဘုရားရုပ်ပွားဆင်းတုတော်ကြီး ထုလုပ်ပြီးစီး၍ရွာသို့ပင့်ဆောင်ရောက်ရှိချိန်တွင် မိခင်ကြီးဒေါ်မင်းအောင်မှာ ကွယ်လွန်အနိစ္စရောက်ခဲ့ပြီးဖြစ်၍ ဥတုဇရုပ်ကလာပ်ကိုသာဝမ်းနည်းဖွယ်တွေ့ခဲ့ကြရပါသည်။မိခင်ကြီး၏ ဈာပနာကိစ္စ္စ္စ္စ္စအပြီးတွင်မန္တ္တ္တ္တ္တလေးမှပင့်ဆောင်လာခဲ့သောထိုရုပ်ပွားဆင်းတုတော်မြတ်ကိုတန်ဆောင်းပြာသာဒ်နှင့်တကွတည်ထားပူဇော်ကြလျက် မိခင်ကြီးဆန္ဒကိုဖြည့်စွမ်းခဲ့ကြပါသည်။

မန္တလေးသို့ ခေတ္တရောက်ရှိချိန်တွင် ဖြစ်ပေါ်ခဲ့သော သံဝေဂဥာဏ်သည်ဦးစ၏ မိခင်ကြီးမရှိသည့်နောက် ပို၍တိုးပွားလာခဲ့ရာ ဦးစနှင့်ဒေါ်ကျင်ဥတို့သည် မိမိတို့ပိုင်ဆိုင်သော လယ်ယာ၊အိုးအိမ်စသည်တို့ကို ရောင်းတန်တာရောင်း၊ပေးတန်တာပေး  စီမံခန့်ခွဲအပြီး မိသားစုအားလုံးမန္တလေးသို့ အပြီးတိုင်ပြောင်းရွှေ့ခဲ့ကြတော့သည်။

မန္တလေးသို့ရောက်သောအခါ သားခြောက်ဦးအား အနောက်ဝိသုဒ္ခ္မာရုံတိုက်အုပ်ဆရာတော်ကြီးထံတွင် အပ်နှံ၍ကိုရင်ဘ၀နှင့်ရှိစေပြီးနောက် ၎င်းတို့အနေဖြင့်မူ စစ်ကိုင်းတောင်းရိုး မဟာဂန္ခ္မာရုံဆရာတော်ဘုရားကြီး၏ ဝိပဿနာတရားများ နာယူအားထုတ်နိုင်ကြရန် ခေမေသကချောင်တွင် ဇရပ်တစ်ဆောင်လုပ်ပြီးနေထိုင်ခဲ့ကြပါသည်။

ဦးစနှင့်ဒေါ်ကျေးဥတို့၏ သားခြောက်ဦးလုံးဥာဏ်ထက်မြတ်မှုကြောင့်အနောက်ဝိသုဒ္ခ္မာရုံရဟန်းများကကောင်းစွာအသိအမှတ်ပြုကြသည့်ကိုရင်များဖြစ်နေကြပါတော့သည်။ထို့ပြင်သမီးနှစ်ယောက်ကိုလည်း မိဘနှစ်ပါးကသီလရှင်ဝတ်စေခဲ့ကြပါသည်။ဦးစကွယ်လွန်သောအခါ အငယ်ဆုံးသားမှာကိုရင်ဘဝနှင့်၁၄နှစ်အရွယ်ရှိပြီဖြစ်ပါသည်။

အနောက်ဝိသုဒ္ခ္မာရုံတိုက်အုပ်ဆရာတော်ကြီးသည် စစ်ကိုင်းတောင်ရိုးသို့အမြဲလိုလိုကြွရောက် တရားအားထုတ်လေ့ရှိသဖြင့် မန္တလေးမြို့ အေလမ်းရတနာဓူဝံ ဆန်စက်ပိုင်ရှင်ဦးတင့်၊ဒေါ်တင်တင်တို့က စစ်ကိုင်းတောင်ရိုးတွင်ကျောင်းတစ်ကျောင်းဆောက်လုပ်လှုဒန်းပြီး ရတနာဓူဝံချောင်ဟု အမည်ပေးကြပါသည်။သားခြောက်ဦးအနက် အကြီးဆုံးသားသည် တိုက်အုပ်ဆရာတော်စစ်ကိုင်းကြွတိုင်းလိုက်ပါပြီးအလုပ်အကျွေးပြုရပါသည်။ထို့ကြောင့်တိုက်အုပ်ဆရာတော်ပျံလွန်တော်မူသောအခါသားအကြီးဆုံးဘဒ္ဒန္တဇနိန္ဒိအားရတနာဓူဝံချောင်ကို လွှဲအပ်ခဲ့သဖြင့် ဘဒ္ဒန္တဇနိန္ဒသည် နောင်အခါတွင် ရတနာဓူဝံချောင်ဆရာတော်ဖြစ်လာပါသည်။စစ်ကိုင်းတောင်ရိုးတွင် တန်ခိုးကြီးသောဆရာတော်ကြီးဖြစ်ရုံသာမက ပရိယတ်တွင်လည်း နာမည်ကြီးသဖြင့် ဆဋ္ဌသံဂါယနာတင်သောအခါ သံဂိတိကာရက ဆရာတော်တစ်ပါးအဖြစ်ဖြင့်ပါဝင်ဆောင်ရွက်တော်မူခဲ့ပါသည်။

ဦးစနှင့်ဒေါ်ကျေးဥတို့၏သား ခြောက်ဦးသည်ရဟန်းဘဝအတွင်း ပရိယတ္တိ၌ကျွမ်းကျင်တတ်မြောက်ကြ၍ တောင်ရိုးတွင် ဟိုးဟိုးကျော်ထင်ရှားကြလေရာ မိခင်ဖြစ်သူဒေါ်ကျေးဥကိုလည်း ခြောက်ပါးမယ်တော်ဟု စစ်ကိုင်းတောင်ရိုးက ခေါ်ကြပါသည်။

ဦးစနှင့်ဒေါ်ကျေးဥတို့၏ သားသမီးရှစ်ဦး၏ ရဟန်း၊သီလရှင်ဘွဲ့ အမည်များကိုဆက်လက်ဖော်ပြပါမည်။

၁။ဘဒ္ဒန္တဇနိန္ဒ  -ဒုတိယမြောက်ရတနာဓူဝံချောင်ဆရာတော်ကြီး
၂။ဘဒ္ဒန္တစာရိန္ဒ - ကျားကူးချောင်
၃။ဘဒ္ဒန္တဧသုက -ရှင်ပင်နံကိုင်းဆရာတော်
၎။ဘဒ္ဒန္တဝိဝေက -လှိုင်းတက်ချောင်ဆရာတော်
၅။ဘဒ္ဒန္တနာယက-တတိယမြောက်ရတနာဓူဝံချောင်ဆရာတော်
၆။ဘဒ္ဒန္တသိန္ဓ္ဓဝ - စစ်ကိုင်းအနောက်မှန်ကျောင်းနှင့်မန္တလေးအနောက်ဝိသုဒ္ဓာရုံတိုက်
၇။ဒေါ်စန္ဒာဝတီ - ခေမာသကချောင်
၈။ဒေါ်ဣန္ဒစာရီ - ခေမေသကချောင်

ဖော်ပြပါ ပုဂ္ဂိုလ်ရှစ်ဦးအနက် တချို့သည် အသက်ထက်ဆုံး သာသနာ့ဘောင်တွင်နေထိုင်သွားကြသလို တချို့သည်လည်း ကာလအတိုင်းအတာတစ်ခုအထိသာနေထိုင်သွားကြပြီး ဘဝကံစီမံသည့်အတိုင်းလူ့ဘောင်သို့ ကူးပြောင်းခဲ့ကြပါသည်။အမှတ်စဉ်(၆)ခုဖြစ်သော ဘဒ္ဒန္တသိန္ဓ္ဓဝသည်ကား ဤညီနောင်ခြောက်ဦးတွင် အငယ်ဆုံးဖြစ်သလို ပညာအရာတွင် အထူးချွန်ဆုံးဖြစ်ရုံမက တစ်ချိန်တွင်ဆရာကြီးဦးဌေးအောင်၏ ဖခင်(ဦးသိန်းအောင်)ဖြစ်လာမည့်သူတည်း။ဆရာကြီး၏မိခင်ကြီးဒေါ်လှမြင့်သည်လည်း တစ်ချိန်တွင် သီလရှင်(မရူပ၀တီ)အဖြစ် ပထမကြီးတန်းအောင်ပြီးသည့်အထိ သာသနာ့နယ်ပယ်တွင်ကျင်လည်ခဲ့သူဖြစ်ပေသည်။

ဤနေရာတွင်ဆရာကြီး၏မိခင် ဒေါ်လှမြင့်၏မျိုးရိုးကိုလည်းဖော်ပြပါဦးမည်။ဒေါ်လှမြင့်၏မိဘနှစ်ပါးသည်ရက္ကန်းတော်ဦးစိုးလေးနှင့်ဒေါ်ဦးဇွန်တို့ဖြစ်ကြပါသည်။ဦးစိုးလေးသည် ရတနာပုံခေတ်လက်ထက်တော်ကြီးနှင့်လက်ထက်တော်ကလေးမင်းနှစ်ဆက်လုံးတွင်ဘုရင့်ရက်ကန်းတော်အဖြစ် အမှုထမ်းခဲ့သူဖြစ် ၍ မူလက မန္တလေးနန်းတွင်းမှာပင် နေထိုင်ခဲ့ကြသူများဖြစ်ပြီး ပါတော်မူသည့်အချိန်ရောက်မှ မြို့ပြင်သို့ထွက်ခဲ့ကြရာ၊ မန္တလေးရွာဟိုင်းဈေးရပ်တွင် ဆက်လက်နေထိုင်ခဲ့ကြသူများဖြစ်ကြသည်။ဦးစိုးလေးနှင့်ဒေါ်ဦးဇွန်းတို့တွင် သမီးသုံးဦးရှိပါသည်။ရွာဟိုင်းဈေးရပ်သို့ရောက်မှ ဦးစိုးလေးရောသမီးကြီးဒေါ်စိန်ပါ ဆုံးပါးကြသည့်အပြင် သမီးလတ်ဒေါ်ချိန်ကလည်းအိမ်တွင်ကွယ်လွန်သွားသဖြင့် ဒေါ်ဦးဇွန်သည်သမီးလတ်ဒေါ်ချိန်နှင့်သမီးငယ်ဒေါ်လှမြင့်တို့ပါခေါ်ပြီး တောထွက်ခဲ့ကြရာ စစ်ကိုင်းခေမေသကချောင်တွင် ဇရပ်တစ်ဆောင်ဆောက် ၍ သီလရှင်ဘဝခံယူကာ တရားအားထုတ်လျက်နေထိုင်ကြပါသည်။မိခင်ကြီးနှင့်သမီးနှစ်ယောက်ဘွဲ့များမှာ ဒေါ်ဝသီ၊ဒေါ်ဧသီနှင့် မရူပဝတီတို့ဖြစ်ကြပါသည်။

သီလရှင်ကြီးဒေါ်ဝံသီသည် သီလရှင်ဘဝနှင့် အိန္ဒိယနိုင်ငံဗုဒ္ဓ ဂါယာသံဝေဇနိယ၊အ၀ိဇဟိတရှစ်ဌာနနှင့်တကွ သီဟိုဠ်ကျွန်း ကန္နီ စွယ်တော်များကိုပါလှည့်လည်ဖူးမြော်ခဲ့သူလည်းဖြစ်ပါသည်။

ဒေါ်ဝံသီနှင့်သမီးဒေါ်ဧသီတို့သည် စစ်ကိုင်းခေမေသကချောင်မှ တစ်ဖန်  ပုပ္ပါး တောင်တောင်ကလပ်အရှေ့ဘက်သို့ပြောင်းရွှေ့ခဲ့ကြပြီး ဝေဘူလရွှေဂူချောင်ကိုတည်ကာ တရားဘာဝနာများ အားထုတ်ခဲ့ကြပါသည်။

ဤသို့လျှင် ဆရာကြီး၏နှစ်ဖက်မိဘ၊ဘိုးဘွားများသည် မြတ်စွာဘုရားသာသနာတော်တွင် တောထွက်၍တရားအားထုတ်ခဲ့ကြသော သူတော်ကောင်းများဖြစ်နေကြသည်ကို ထူးခြားစွာတွေ့ကြရပါသည်။

ဆရာကြီး၏ဖခင်ဦးသိန်းအောင်သည် မန္တလေးသာသနာသမိုင်းတွင်အလွန်ထင်ရှားသူ သာသနာပြုပုဂ္ဂိုလ်ဖြစ်ပေသည်။ဦးသိန်းအောင်သည်အသက်၂၀အရွယ်၌ စစ်ကိုင်းမစိုးရိမ်ဆရာတော်နှင့်အတူ အိန္ဒိယသို့ ပညာသင်လိုက်ပါသွားပြီး ငါးနှစ်တိုင်တိုင်အင်္ဂလိပ်စာ၊သက္ကတ၊ဟင်ဒီနှင့်နာဂရီဘာသာများကိုသင်ယူခဲ့ပြီး ကာလကတ္တားနှင့်သီရိလကာင်္ကိုလည်း ရောက်ခဲ့သေးသည်။ ဦးသိန်းအောင်သည်ထရံကာဆရာတောကြီး လူထွက်ဦးအုန်းညွန့်ကဲ့သို့ရဟန်းများ၊လူပုဂ္ဂိုလ်များကို ဗုဒ္ဓစာပေ၊သက္ကတနှင့်ဟင်ဒီဘာသာများကိုကောင်းစွာသင်ကြားပို့ချပေးခဲ့ပါသည်။ထို့ပြင်အဘိဓမ္မာတရားဒေသနာများကိုလည်း ဆရာကြီးရွှေပြည်ဦးဘတင်နှင့်အတူ ဟောကြားရာလူကြိုက်အလွန်များလှပါသည်။

ဦးသိန်းအောင်၏ ထင်ရှားလှသောသာသနာပြုလုပ်ငန်းမှာ မန္တလေးအနောက်ကျုံးလမ်းရှိ ဗုဒ္ဓဘာသာဗဟိုအဖွဲ့ကြီးတည်ရှိရာဓမ္မဗိမာန်တော်ကြီးကိုဆောက်လုပ်လှူဒါန်းနိုင်ခဲ့ခြင်းဖြစ်ပေသည်။ဤဗိမာန်ကြီးကို ဆောက်လုပ်လှူဒါန်းနိုင်ရန်အတွက် ဦးသိန်းအောင်သည် ဓမ္မကတိကဆရာကြီးဦးသိန်းလှနှင့်အတူ မြန်မာနိုင်ငံအနှံခုနှစ်နှစ်ကြာ တရားလှည့်လည်ဟောကြားလျက် ထိုခေတ်ငွေ၁၀သိန်းခန့် အလှူငွေများ အလှူခံရရှိခဲ့ပါသည်။ထို့ပြင်ဦးသိန်းအောင်သည် မန္တလေးတက္ကသိုလ်ပညာရေးအဖွဲ့၏မေတ္မ္တာရပ်ခံချက်အရ ယင်းတက္ကသိုလ် ဗုဒ္ဓစာပေဌာန၏ လက်ထောက်ကတိကအဖြစ် ဆောင်ရွက်၍ ဥပစာတန်းနှင့်ဝိဇ္ဇာတန်းကျောင်းသားကျောင်းသူများအား ယင်းတို့သင်ကြားနေသော ဓာတုဗေဒပညာရပ်ကို ကမ္ဘာ့ဓာတုဗေဒ-ဗုဒ္ဓအဘိဓမ္မာအဖြစ် ဆက်စပ်၍ လယ်တီဆရာတောကြီး၏ သမ္မာဒိဠိဒီပနီ၊ပဋိစ္စသမုပါဒ်ဒီပနီ၊ဥတ္တမပူရိသဒီပနီတို့ကိုအခြေခံပြုပြီးလွန်ခဲ့သောနှစ်ပေါင်၂၅၀၀ကာလကမြတ်စွာဘုရားဟောကြားတော်မူသောအဘိဓမ္မာတရားကိုခေတ်မီသင်ကြားနည်းစနစ်ဖြင့် သင်ကြားပြသပေးခဲ့သောကျောင်းသား၊ကျောင်းသူများ အလွန်နှစ်ကြိုက်ကျေနပ်ကြသည်ဖြစ်၍ထိုခေတ်က ဆပ်ကျောင်းဟုခေါ်သော ရဲသိပ္ပံကလည်း ဆရာကြီးကိုပင် ဖိတ်ကြား၍အပတ်စဉ်။စနေနေ့တိုင်း တစ်နေ့တစ်နာရီ သင်ကြားပြသမှုကို ဆောင်ရွက်ခဲ့ရာ နှစ်နှစ်တိုင်တိုင် ကြာမြင့်ခဲ့ပါသည်။

ဆရာကြီးဦးသိန်းအောင်သည် အနောက်ကျူံးလမ်းဓမ္မဗိမာန်တွင်လည်း အဘိဓမ္မာတရားများကို (၁၅)နှစ်ကြာသင်ကြားပြသပေးခဲ့ပါသည်။

            ထို့ပြင် ဦးသိန်းအောင်သည်-

            (၁) ဗုဒ္ဓဝါဒသုံးလောက သတ္တဝါအစဖြစ်ပုံကျမ်း
            (၂)တရားဦးလက်ဆောင် ဓမ္မစကြာအဖွင့်ဟူသော ဓမ္မစာပေ၊ကျမ်းစာအုပ်နှစ်အုပ်ကိုပါရေးသားပြုစုခဲ့ပါသည်။

ဤသို့လျှင်သာသနာတော်နှင့်ဘိုးဘေးတို့လက်ထက်ကစ၍ထူးထူးထွေထွေပတ်သက်ခဲ့ရုံမျှမကထင်ရှားလှသည့်သာသနာပြု ပုဂ္ဂိုလ်ဦးသိန်းအောင်နှင့်ဒေါ်လှမြင့်တို့၏ သားကြီးသြရသဖြစ်သော မဟာသဒ္ဓမ္မဇောတိကဓဇ ဆရာကြီးဦးဌေးအောင်၏အတ္ထုပ္ပတ္တိ အကျဉ်းကို ဆက်လက်ဖော်ပြရသည်ရှိသော်---ဆရာကြီးဦးဌေးအောင်သည် စစ်မဖြစ်မီအချိန်က မန္တလေးမြို့တွင် ဗုဒ္ဓဘာသာကျောင်း၌အလယ်တန်အောင်သည်အထိ ပညာသင်ကြားခဲ့သည်။စစ်အတွင်းစစ်ကိုင်းတောင်ရိုးရတနာဓူဝံချောင် ဘကြီးဆရာတော်ကြီးထံတွင် သာမဏေဝတ်၍ ပါဠိဘာသာနှင့်ဗုဒ္ဓကျမ်းစာများကိုသင်ယူခဲ့သည်။

အသက်(၂၀)တွင် ရတနာဓူဝံဆရာတော်ကြီးအား ဥပဇ္ဈာယ်ပြု ၍ရဟန်းဝင်ကာာပါဠိစာပေများကို ဆက်လက်လေ့လာသည်။၁၉၄၇ခုနှစ်တွင်တက္ကသိုလ်ဝင်တန်းကိုမန္တလေးဗုဒ္ဓဘာသာ အထက်တန်းကျောင်းမှအောင်မြင်သည်။မန္တလေးတက္ကသိုလ်တွင်ရဟန်းဝတ်ဖြင့်တက္ကသိုလ်ပညာသင်ယူခဲ့ပြီး ၁၉၅၂ခုနှစ်တွင် ဘီအက်စ်စီဘွဲ့ရရှိခဲ့သည်။

၁၉၅၃ခုနှစ်တွင် ရန်ကုန့်တက္ကသိုလ်တွင် လူဝတ်နှင့်ရူပဗေဒ မဟာသိပ္ပံတန်းတက်သည်။၁၉၅၄ခုနှစ်နိုင်ငံတော်အစိုးရပညာတော်သင်အဖြစ်မိုးလေဝသပညာကိုအမေရိကန်ပြည်ထောင်စုဖလော်ရီဒါတက္ကသိုလ်တွင်သင်ယူခဲ့သည်။၁၉၅၆ခုနှစ်တွင်မိုးလေဝသပညာ ဘီအက်စ်စီဘွဲ့ရပြီးမြန်မာပြန်လာ၍ မိုးလေဝသဌာန၌(၃၂)တိုင်တိုင် အမှုထမ်းခဲ့သည်။ဆရာကြီးနှင့်ဇနီးဒေါ်အေးမြင့်တို့တွင် သားတစ်ဦး၊ကိုသန်းဌေးအောင်ထွန်းကားခဲ့ပါသည်။

၁၉၈၉ခုနှစ်မှစ၍ ဗုဒ္ဓဒေသနာနှင့်ဝိပဿနာပြန်ပွားရေအဖွဲ့ဖွဲ့စည်း ၍ဗုဒ္ဓဒေသနာကိုစနစ်သစ်ဖြင့်လေ့လာသောသင်တန်းများကို စတင်ပို့ချခဲ့သည်။၁၉၈၇ခုနှစ်တွင်ဒုတိယညွှန်ကြားရေးမှူးအဖြစ်နှင့်မိုးလေဝသဌာနမှအငြိမ်းစားယူခဲ့သည်။အပြည်ပြည်ဆိုင်ရာ ဝိပဿနာ အဖွဲ့(I.M.C)ရန်ကုန်ရိပ်သာတွင်နှစ်နှစ်ကျော်တရားအားထုတ်ခဲ့သည်။

၁၉၈၉ခုနှစ်မှစ၍မန္တလေးမြို့နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်တွင် တွဲဖက်ပါမောက္ခအဖြစ်လည်းကောင်း၊မန္တလေးမြို့ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်းတွင် သံဃာတော်များအား ပို့ချခဲ့ပါသည်။၂၀၀၅ခုနှစ်တွင် ဆရာကြီးဦးဌေးအောင်အားနိုင်ငံတော်အစိုးရမှ မဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့ကိုချီးမြှင့်ခဲ့ပါသည်။

ဆရာကြီးဦးဌေးအောင်သည်စနစ်သစ်ဖြင့်လေ့လာသော ဗုဒ္ဓဒေသနာသင်တန်းများနှင့်ဗုဒ္ဓနည်း နာမ်ရုပ်လေ့ကျင့်ရေး တရားတော်စခန်းများကိုရန်ကုန်နှင့်မန္တလေးမြို့များတွင် ၂၀၁၀ခုနှစ်အထိ ပို့ချပေးခဲ့သည်။

ထို့ပြင် ဆရာကြီးဦးဌေးအောင်အား(၂၆-၆-၂၀၁၁)ရက်၊တနင်္ဂနွေနေ့တွင် နိုင်ငံတော်သဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ သာသနာ့တက္ကသိုလ်များ၏အဓိပတိဖြစ်တော်မူသော ဗန်းမော်ဆရာတော်ကြီး အရှင်ကုမာလဘိဝံသနှင့်သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတို့က လက်မှတ်ရေးထိုး၍ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်/မန္တလေး) တက္ကသိုလ်ဂုဏ်ထူးဆောင်အသိအမှတ်ပြုမော်ကွန်းတင်ဂုဏ်ပြုလွှာကိုလည်းထိုတက္ကသိုလ်များအနက် ထူးချွန်ပြောင်မြောက်စွာ ထမ်းဆောင်ခဲ့ခြင်းအတွက်ချီးမြှင့်ခံခဲ့ရပါသည်။

ဆရာကြီးဦးဌေးအောင်၏သာသနာပြုလုပ်ငန်းများကိုစဉ်ဆက်မပြတ်ဆက်လက်တည်ရှိနိုင်ရန်ဆရာကြီးကိုယ်တိုင်သိန်း(၁၀၀၀)အလှူငွေမတည်၍့်ဗုဒ္ဓဒေသနာနှင့် ဝိပဿနာပြန့်ပွားရေးအဖွဲ့(မန္တလေး)ကို ဖွဲ့စည်းကာဆက်လက်ဆောင်ရွက်နေခြင်းကို အားလုံးက ဝမ်းမြောက်နုမော် သာဓုခေါ်လျက်ရှိကြပေသတည်း။

ဆရာကြီး-နိဗ္ဗာန်မဂ်ဖိုလ်ကို လွယ်ကူလျင်မြန်စွာ မျက်မှောက်ပြုနိုင်ပါစေသတည်း။ ။

ရိုသေစွာဖြင့်-